ထီဖွင့်ပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးရန် ထီလုပ်ငန်းရှင်အသင်းက တောင်းဆို

COVID- 19 ရောဂါအခြေအနေကြောင့် နေရာတော်တော်များများတွင် Lockdown ချထားခြင်း၊ ပြည်သူများနေအိမ်ပြင်ပ မထွက်ပဲ Stay Home နေထိုင်ခြင်း တို့ကြောင့် ထီအရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးရှိနေသဖြင့် တည်ငြိမ်ပြီးမှသာ ပြောင်းရွှေ့ ဖွင့်လှစ်ပေးပါရန် မေတ္တာရပ်ခံ ရခြင်းဖြစ်ကြောင်း ထီလုပ်ငန်းရှင်များအသင်းမှ ဦးသီဟဝင်းမော်က ပြောသည်။

“ကျန်းမာရေးရှုထောင့်ကရော၊ အရင်းအနှီးရှုထောင့်အရကပါ တောင်းဆိုတာပါ။ ရောဂါဖြစ်ပွားမှုကလည်း မြင့်တက်လာတယ်။ အပြင်မှာလဲလူစုလူဝေး မရှိတော့ဘူး။ လဆန်းပိုင်းကတည်းက အောင်ဘာလေရုံးက ထီလတ်မှတ်တွေထုတ်ယူထားတာက ပြန်ရောင်းချဖို့ကအခက်အခဲဖြစ်သွားပြီ။ဒါကြောင့် လစဉ်မပျက်ပြန်လည်ရောင်းချနိုင်ဖို့ အခြေအနေတည်ငြိမ်တဲ့အထိရွှေ့ဆိုင်းပေးဖို့တောင်းဆိုတာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် ၁၄ ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲတွင်လည်း အလွှာပေါင်းစုံမှ ထီရောင်းချသူ ပြည်သူများ ၃၀ရာခိုင်နှုန်းအထက် အရင်း ပျောက်ခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောသည်။

ယခုလထွက်ရှိမည့် ၁၅ ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ပွဲကို (၁)ရက်နေ့အစား ၁၅ရက်နေ့သို့ ပြောင်းရွှေ့ဖွင့်မည်ဟု သက်ဆိုင်ရာက မီဒီယာများသို့ပြောကြားထားသော်လည်း ထီလက်မှတ်တွင် “မေ ၁ ရက်နေ့တွင် ထွက်ရှိမည်” ဟုဖော်ပြထားသဖြင့် ထီဖွင့်ရက်အတိအကျပြောရန် ခက်ခဲနေသည်ဟု ဆိုသည်။

လက်ရှိတွင် COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း ပိုမိုဖြစ်ပွားလာနေပြီး အဝေးပြေးကားဂိတ်များ ရပ်နားခဲ့ကြခြင်း၊ အစားအသောက်၊ ဆေးဝါးဆိုင်မှလွဲ၍ မဖွင့်ရခြင်း၊ နေရာအနှံ့ Lockdown များ ပြုလုပ်နေခြင်းနှင့် အခြားအခက်အခဲများကြောင့် ထီရောင်းချ၍ မရတော့ခြင်းများ ဖြစ်ပေါ် လျက်ရှိသည်။

Credit