မာစီဒီးကားကို ဒေါ်လာတစ်ကျပ်နဲ့ရောင်းတဲ့ အဒေါ်ကြီးရဲ့အဖြစ်

သဘောထားကြီးချက်….

မာစီဒီးကား ငွေတစ်ကျပ်ဖြင့် ရောင်းမည်

နေ့စဉ်ထုတ်သတင်းစာများတွင် အောက်ပါအတိုင်း ကြော်ငြာတစ်ခုပါလာသည် –

မာစီဒီးကား ငွေ ၁ ကျပ်ဖြင့် ရောင်းမည် လက်ရှိအသုံးပြုနေသော မာစီဒီးကားကို ငွေ ၁ ကျပ်ဖြင့် ရောင်းမည်။ စိတ်၀င်စားသူ လူကိုယ်တိုင် လာရောက်ဆက်သွယ်ပါ။ ဦးရာလူရောင်းမည်။

ဒေါ်… … …… … . အမှတ် (—)၊( —–)လမ်း ၊ ——– —–မြို့

ထိုကြော်ငြာကို တွေ့မြင်သူများက အထူးအဆန်းဖြစ်နေသည်။ ထိုအမျိုးသမီး ရူးနေ၍သာ ကြော်ငြာထည့်ခြင်းဖြစ်သည် ဟု ယူဆလျက်ရှိကြသည်။

ထို့ကြောင့် မာစီဒီးကားပိုင်ရှင်ဒေါ်… … …… .ထံသို့ မည်သူမှ သွားရောက်ဆက်သွယ်ခြင်းမရှိကြချေ။

ထို့ကြောင့် ဒေါ်…… … …… ..… ..က ထိုကြော်ငြာကို သတင်းစာများတွင် နေ့စဉ် ရက်ဆက် ထည့်သွင်းနေသည်။

လူတစ်ယောက်က ထိုကြော်ငြာကို အသေအချာဖတ်ကြည့်ပြီးနောက် ဒေါ်… … …. .နှင့် သွားရောက်တွေ့ဆုံလေသည်။

“အဒေါ် ကျွန်တော် ကားရောင်းမယ့်ကြော်ငြာတွေ့လို့ လာခဲ့တာပါ”

“အေး …အခုအထိ ဘယ်သူမှ မလာကြလို့ ခဏခဏကြော်ငြာနေတာ”

“ဟုတ်ကဲ့ခင်ဗျ…ကျနော် စိတ်၀င်စားလို့လာခဲ့တာပါခင်ဗျာ ”

“မင်းက တကယ်၀ယ်မှာလား”

“၀ယ်မှာပါ”

“ဒါဆို…ကားကိုလိုက်ကြည့်လေ”

ဒေါ်… … …… …က ကားဂိုဒေါင်ကို ခေါ်သွားသည်။ ဂိုဒေါင်သော့ကို ဖွင့်ပြီး မာစီဒီးကားကို ပြသသည်။

“မင်းကို ရောင်းမယ့်ကားက ဒီကားပဲ ”

ကား၀ယ်ရန်လာသူသည် တော်တော် အံ့သြသွားသည်။ သိန်းပေါင်းများစွာ တန်သောကားဖြစ်သည်။

“ဘယ်လောက်နဲ့ရောင်းမှာလဲဗျ”

“သတင်းစာထဲမှာ ပါတယ်လေ ငွေ ၁ ကျပ်နဲ့ရောင်းမှာ ”

“ဗျာ ”

“မ…ဗျာနဲ့ အဒေါ်က တကယ်ရောင်းမှာ ၊ ဒီအတိုင်းတော့ မရောင်းဘူး။ မင်းဘက်က သက်သေခေါ်ခဲ့ရမယ် ၊ ငါ့ဘက်ကလည်း သက်သေပါမယ်။ လူကြီးလူကောင်းတွေ ရှေ့မှာ စာချုပ်စာတမ်းနဲ့ရောင်းမယ် ”

“ဟုတ် …ဟုတ်ကဲ့ ”

ထိုသူသည် ရပ်ကွက်ထဲမှ လူကြီးလူကောင်းများကို သက်သေအဖြစ် ခေါ်လာခဲ့သည်။ ဒေါ်…… ……… … . ကလည်း လူကြီးလူကောင်းများကို အဆင်သင့်ခေါ်ထားသည်။

“ဟောဒီမှာ အုံနာစာအုပ်၊ ဆီစာအုပ်နဲ့ကားသော့ ၊ မနက်ဖန် နာမည်ပြောင်းကိစ္စ အကုန်လုပ်ပေးမယ် ”

လူကြီးလူကောင်းတွေနဲ့ ကား၀ယ်သူတို့ဟာ ဒီမိန်းမရူးများနေလို့လားဟု တွေးတောနေကြသည်။

“အဒေါ်ရယ် …ကျွန်တော် အိပ်မက်များ မက်နေတာလား”

“အိပ်မက်မဟုတ်ပါဘူး…အဒေါ်က ဒီမာစီဒီးကားကို ငွေ ၁ ကျပ်နဲ့ ရောင်းတာပါ၊ ဟောဒီစာချုပ်မှာ လက်မှတ်ထိုးပေးကြပါ”

ကားရောင်းသူ၊ ကား၀ယ်သူနှင့် အသိသက်သေများက အသီးသီးလက်မှတ်ရေးထိုးပေးကြသည်။

“ပေး…ငါ့ကို ငွေ ၁ ကျပ်”

ကား၀ယ်သူက ငွေတစ်ကျပ်ကို ထုတ်ပေးလိုက်ပြီးနောက် ကားရောင်းသူ အဒေါ်ကြီးကို မေးခွန်းတစ်ခု မေးလိုက်သည်။

“ဘာကြောင့် အခုလိုတန်ဖိုးများစွာတန်တဲ့ ဒီကားကို ငွေ ၁ ကျပ်ထဲနဲ့ ရောင်းရတာလဲ ”

“အဒေါ့်ယောက်ျားက မသေခင် မှာသွားလို့ပါ”

“အဒေါ့်ယောက်ျားကို အဒေါ်က တော်တော်ချစ်လို့ပေါ့နော် ”

“ချစ်တာလဲပါတာပေါ့ ၊ မသေခင်မှာသွားတာလေးကို ဖြည့်ဆည်းဆောင်ရွက်ပေးချင်လို့ပါ ”

“အဒေါ့်ယောက်ျားက ဘာများမှာသွားခဲ့လို့လဲခင်ဗျာ”

“အဒေါ့် ယောက်ျားက သူစီးနေကျ မာစီဒီးကားကို ရောင်းပြီး ကားရောင်းရငွေအားလုံးကို မိုးမိုးကို ပေးလိုက်ပါတဲ့ ”

“မိုးမိုးဆိုတာက”

“အဒေါ်တို့အိမ်က အိမ်ဖော်ပါ။ နောက်ပြီး …”

“နောက်ပြီး …ဘာလဲဗျ”

“အဒေါ့်ယောက်ျားရဲ့ မယားငယ် ”

တိန်…

ခရက်ဒစ် ဘယ်ကောင်စတင်မှန်းမသိ