Photoshop ပညာရှင်တစ်ဦးရဲ့ ဟာသဆန်ဆန် Photoshop လက်ရာများ

ဒီဘက်ခေတ်မှာ Photoshop ပညာကတော့ တော်တော်ခေတ်စားလာပါတယ်။ လူအများစုကလည်း ဓာတ်ပုံတစ်ပုံရိုက်ပြီးရင် အနည်းဆုံး Photoshop လေးလုပ်၊ Effect လေးဘာလေးထည့်ပြီးမှ အဲဒီဓာတ်ပုံလေးကို အွန်လိုင်းပေါ်တင်လေ့ရှိတတ်ပါတယ်။

အခုလည်း James Friman လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ Photoshop ပြုလုပ်တဲ့နေရာမှာ တော်တော်လေးကို တစ်ဖက်ကမ်းခတ်ပါတယ်။

ဒါကြောင့်လည်း လူတော်တော်များများဟာ သူ့ရဲ့ Twitter အကောင့်ကို ပြင်စေချင်တဲ့ ဓာတ်ပုံတွေကို ပို့ပြီး ဘာလေးလုပ်ပေးဖို့၊ ဘာလေးပြင်ပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ James ကလည်း သူ့ပရိသတ်တွေတောင်းဆိုတဲ့အတိုင်း ဓာတ်ပုံကို ပြင်ပေးလေ့ ရှိပါတယ်။

ဒါပေမယ့် ရုပ်တည်ကြီးနဲ့ ပြောတဲ့အတိုင်း ပို့လာတဲ့ ဓာတ်ပုံတွေကို တလွဲတွေပြင်ပြင်ပြီး ဟာသလုပ်လေ့ရှိပါတယ်။ James ရဲ့ Photoshop လက်ရာတွေကို အောက်မှာ တစ်ချက်ကြည့်လိုက်ကြရအောင်။

ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း အနောက်က ပန်းပင်တွေရေလောင်းနေတဲ့သူကို ဖယ်ခိုင်းထားတဲ့ တောင်းဆိုမှုပါ။ James က အဲဒီလူကို ဖယ်တော့ဖယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ပန်းပင်တွေကို ရေလောင်းတဲ့လူမရှိတော့တဲ့အခါ ရေရှည်မှာ ဖြစ်သွားမယ့် သစ်ပင်၊ ပန်းပင်တွေရဲ့ အနာဂတ်ကိုပါ Photoshop ပညာနဲ့ အစွမ်းပြခဲ့ပါသေးတယ်။

ဓာတ်ပုံပြင်ခိုင်းတဲ့ အမျိုးသားက သူ့ရဲ့ပုံကို လူဆိုးပုံစံပေါက်အောင်လုပ်ခိုင်းပါတယ်။ လူဆိုးဆိုတာ ဥပဒေကို ချိုးဖောက်မှ လူဆိုးဖြစ်မှာပါ။ ဒါ့ကြောင့် အဆိုပါအမျိုးသား အနောက်မှာ ဆိုင်းဘုတ်တစ်ခုထည့်ပေးပြီး လူဆိုးဖြစ်အောင် လုပ်ပေးခဲ့တဲ့အပြင် ရဲတွေလာတေပြီဆိုပြီး အရွှန်းပြန်ဖောက်ခဲ့ပါသေးတယ်။

ဒီပုံမှာတော့ အဆိုပါအမျိုးသမီးက သူ့ပါးမှာရှိတဲ့ မွေးရာပါအနီကွက်တွေကိုဖယ်ပြီး ပကတိသန့်ရှင်းတဲ့ မျက်နှာလေးတစ်ခုကို Photoshop နဲ့ James ကို ပြင်ခိုင်းခဲ့ပါတယ်။

ဒါပေမယ့် James ကတော့ မွေးရာပါ အလှတရားကို တန်ဖိုးထားသင့်ကြောင်း၊ ဒီတိုင်းကြည့်ရင်တောင် လှနေတဲ့ မျက်နှာလေးကို သူ Photoshop နဲ့ မပြင်နိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။

ဒါကတော့ လက်ရှိ COVID 19 ကပ်ရောဂါကာလမှာ ရှေ့တန်းရောက်နေတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ၃ ဦးက သူတို့ ပုံလေးကို တစ်ခုခုပြင်ပေးဖို့ ပြောခဲ့ပါတယ်။

James ကတော့ သူတို့ပျော်ပျော်နေတတ်တဲ့ ပုံလေးအဖြစ် Photoshop ပေးခဲ့ပြီး သူတို့ရဲ့ လုပ်ရပ်ကိုတောင် ပြန်ချီးကျူးခဲ့ပါသေးတယ်။

ပုံထဲမှာ တွေ့ရတဲ့အတိုင်း အမျိုးသမီးရဲ့ လက်ခလယ်ကို ဖျောက်ပေးဖို့ အဆိုပါအမျိုးသမီးရဲ့ ညီမဖြစ်သူက James ကို အကူအညီတောင်းခဲ့ပါတယ်။ James ကတော့ တောင်းဆိုတဲ့အတိုင်း လက်ခလယ်ကို ဖျောက်ပြီး အဆိုပါလက်ခလယ်ကို ခြေခလယ်အဖြစ် ပုံဖော်ပြီး ဟာသပြန်လုပ်ခဲ့ပါတယ်။

မီးလုံးကြီးက အရမ်းလင်းပြီး တစ်မျိုးကြီးဖြစ်နေလို့ ပုံထဲကနေ မီးလုံးကြီးကို ဖျောက်ပေးဖို့ James ကို အကူအညီတောင်းခဲ့ပါတယ်။ James ကလည်း ပြောတဲ့အတိုင်း မီးလုံးကြီးကို ဖျောက်ပေးခဲ့ပြီးနောက်မှာတော့ အခန်းကတော်တော် မှောင်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ မီအလင်းရောင်မှ မရှိတော့တာကိုး။

ပုံထဲက အမျိုးသမီးတောင်းဆိုတာက သူတို့အနောက်မှာ လမ်းလျှောက်လာနေတဲ့ အမျိုးသားကိုဖျောက်ခိုင်းဖို့ပါပဲ။ ဒါပေမယ့် အနောက်ကလူဆိုတာ ဘယ်သူလဲသေသေချာချာ မပြောတဲ့အတွက် အဆိုအမျိုးသမီးကို ဖက်ထားတဲ့ အမျိုးသားကို James က ဖျောက်ပေးလိုက်ပါတယ်။

ပုံထဲက အမျိုးသမီးတောင်းဆိုတာကတော့ သူ့ညာဖက်လက်က အိတ်တစ်အိတ်ကို ကိုင်ထားတဲ့ပုံအဖြစ် Photoshop ခိုင်းတာပါ။ အမျိုးသမီးပြောတဲ့ အိတ်ဆိုတာ ပိုက်ဆံအိတ်ပါ။ ဒါပေမယ့် James ကတော့ အမှိုက်အိတ်ထမ်းထားတဲ့ ပုံအဖြစ်ပြောင်းလဲပေးပြီး အနားမှာ အမှိုက်ပုံလေးတောင် ထားပေးလိုက်ပါသေးတယ်။